သရေခေတ္တရာ(ပြည်) မြို့ဟောင်း တူးဖော်ထိန်းသိမ်းခြင်းလုပ်ငန်းတစ်ရပ်အဖြစ် သရေခေတ္တရာနန်းတော်
တည်နေရာတူးဖော်ခြင်းကို အောက်တိုဘာ လဆန်းတွင် ရှေးဟောင်းသုတေသန
နည်းပညာသင်တန်းကျောင်း(ပြည်)က ဦးဆောင်ပြုလုပ်သွားမည်ဖြစ်ကြောင်း
ကျောင်းအုပ်ကြီး ဦးသိန်းလွင်က ပြောသည်။
"မနှစ် ပွင့်လင်းရာသီကတည်းက တူးဖော်မှုလုပ်ငန်းစခဲ့တာ။
မိုးရာသီအတွင်းမှာ နားထားပြီး တူးဖော်မှုကနေ ရလာတာတွေ မှတ်တမ်း တင်ရတယ်။ အခု
တူးဖော်မှုမှာတော့ နန်းတော်ကုန်းကို အပြီးသတ်နိုင်မယ်လို့ ခန့်မှန်းထားတယ်။
နိုဝင်ဘာမှာစမယ့် ဒီပလိုမာ ကျောင်းသားတွေလည်း တူးဖော်မှုမှာ လက်တွေ့
ဘာသာရပ်တစ်ရပ်အနေနဲ့ ပါဝင်လို့ရမယ်"ဟု ၎င်းကပြောသည်။
သင်တန်းကျောင်း၏ ပထမဦးဆုံး ပညာသင်နှစ်ဖြစ်သော
၂၀၀၅-၀၆ မှ စတင်၍ စနစ်တကျ တူးဖော် သုတေသနပြုလုပ်ခဲ့ကြရာ ၂၀၀၈-၀၉ ဘဏ္ဍာ
နှစ်အထိ ကုန်းပေါင်း ၄၃ ကုန်းအထိ တူးဖော် သုတေသနပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း
သိရသည်။
ရှေးဟောင်းသုတေသန နည်းပညာ
သင်တန်းကျောင်း(ပြည်)က တူးဖော်မှု လုပ်ငန်းများဖြစ်သော သရေခေတ္တရာ
မြို့ဟောင်း အပါ အ၀င် ခေတ်ပြိုင်၊ သို့ မဟုတ် ခေတ်ကာလများစွာ မကွာခြားလှဘဲ
ထွန်းကားခဲ့ကြသော ပျူမြို့ပြ နိုင်ငံများဖြစ်သော ဗိဿနိုး၊ ဟန်လင်း၊
ဝတီးပင်လယ် စသော မြို့ဟောင်းများ၏ ယဉ်ကျေးမှု အထောက်အထားများ အဆောက်အအုံ၊
ဗိသုကာလက်ရာများ နှင့် ထုံးတမ်းစဉ်လာတူညီမှုရှိမရှိ၊ မြန်မာ့ သမိုင်းတင်
ခေတ်ဦးကာလတွင် နည်းပညာ၊ တွေးခေါ်မြော်မြင်မှုနှင့် သဘာဝ ပတ်ဝန်းကျင်တို့
အပြန်အလှန်ဆက်စပ် နေကြသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရှေးဟောင်းသုတေသန၏ သဘော
တရားများကို နားလည်ကာ သက်သေပြ နိုင်မည်ဟု ဦးသိန်းလွင်က ပြောသည်။
ရှေးဟောင်းသုတေသနဆိုင်ရာ
စူးစမ်းလေ့လာခြင်းနှင့် တူးဖော်သုတေသနပြုခြင်းလုပ်ငန်းတို့သည် အရေးပါသော
လုပ်ငန်းစဉ်များ ဖြစ်ပြီး ၎င်းတို့မှ လူ့ယဉ် ကျေးမှုသမိုင်းကို
အနီးစပ်ဆုံးဖော်ထုတ် နိုင်ကြောင်း ၎င်းကဆိုသည်။
သရေခေတ္တရာမြို့ဟောင်းနေရာကို ရှေးဦးစွာ
တူးဖော်သုတေသနပြုလုပ်ခဲ့သူမှာ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ရှေးဟောင်း
သုတေသန တာဝန်ခံ ဒေါက်တာအီးဖိုးချားမား ဖြစ်သည်။
ရှေးဟောင်းသုတေသနဦးစီးဌာန မပေါ်ပေါက်မီ ၁၉၀၇
ခုနှစ်တွင် ပြင်သစ် စစ်ဗိုလ်ချုပ် လီယွန်ဒီဗဲလီယေနှင့် ကျောက်စာဝန်
မစ္စတာတော်စိန်ခိုတို့ လည်း ၎င်းမြို့ဟောင်းကို တူးဖော်ခဲ့ကြ သည်။
နောက်ပိုင်းတွင် မစ္စတာ တော်စိန်ခို နှင့်
မွန်ဆီယာ ဒူရော်ဇယ်၊ ဦးလူဖေ၀င်း စသူတို့သည် ဒုတိယကမ္ဘာစစ်မီး မြန်မာ
နိုင်ငံသို့ မကူးစက်မီကာလတိုင်အောင် ကြိုးကြား ကြိုးကြား တူးဖော်ခဲ့ကြသည်။
သို့သော် အဆိုပါမြို့ဟောင်းနေရာ တွင်
သိပံ္ပနည်းကျသောစနစ်ဖြင့် တူးဖော်သုတေသနပြုလုပ်ရန် လိုအပ်လျက်ရှိသဖြင့်
ရှေးဟောင်း သုတေသနဌာနခွဲ သည် ၁၉၆၂-၆၃ ခုနှစ်မှစ၍ တစ်ဖန်
ပြည်လည်တူးဖော်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
သရေခေတ္တရာမြို့ဟောင်းသည် ပဲခူး
တိုင်းအနောက်ခြမ်း ပြည်ခရိုင်အတွင်း တည်ရှိပြီး ပြည်မြို့၏ အရှေ့တောင်ဘက်
ငါးမိုင်ခန့် အကွာ မှော်ဇာတိုက် နယ်အတွင်း ပါဝင်ကာ အကျယ်အ၀န်း ၅ ဒသမ ၂၇
စတုရန်း မိုင်ရှိ၍ မြို့ရိုး အရှည်မှာ ရှစ်မိုင်၊ ငါးဖာလုံခန့် ရှိသည်။
၎င်းသည် ပျူမြို့ဟောင်းများအနက် အကြီးဆုံးဖြစ်ရုံသာမက
မြန်မာနိုင်ငံတွင် ပေါ်ထွန်းခဲ့သော ရှေးဟောင်းမြန်မာ မြို့တော်များ အနက်
အကြီးဆုံးလည်း ဖြစ်သည်။
မြို့ဟောင်းပတ်ဝန်းကျင်တွင် ခံတပ်သဖွယ်
ဆောက်လုပ်ထားသော 'ပျူတိုက်' ဟုခေါ်သည့် လေးထောင့်ပုံသဏ္ဌာန် ကုန်းဟောင်း
များကို တွေ့ရသည်။
ရှေးဟောင်း မြန်မာ့ရာဇ၀င်များတွင် သရေခေတ္တရာ
မြို့ရိုးကြီးတွင် တံခါးကြီး ၃၂၃ ခု၊ တံခါးငယ် ၃၃ ခုရှိကြောင်း ဖော်ပြထား
သော်လည်း တူးဖော်မှုအရ တံခါးပေါက်များဟု ခိုင်ခိုင်မာမာပြော နိုင်သော
နတ်ပေါက်၊ နဂါးတွန့်ပေါက်၊ ရွှေတံခါးပေါက်၊ မုတ်ရှည် ပေါက်၊ ရဟန္တာပေါက်၊
ဘီလူးမပေါက်၊ သာယာဝတီပေါက်၊ မုဌောပေါက်နှင့် တွင်းပြဲ ပေါက်တို့သာ
ကျန်ရှိကြောင်း တွေ့ရှိရသည်။
ပျူလူမျိုးတို့၏မြို့တော် 'ဂြီကွေ့တြ'၊
သို့မဟုတ် သရေခေတ္တရာဟူသော ဝေါဟာရကို ကျန်စစ်သားမင်းကြီး၏
ပုဂံခေတ်ပုထိုးများနှင့် ပြည်မြို့ ရွှေဆံ တော်ဘုရားရှိ မွန်ကျောက်စာတွင်
တွေ့ရသည်။ ဂြီကွေ့တြဟူသော ဝေါဟာရသည် သက္ကတဘာသာစကားမှ ဆင်း သက်လာ၍
'ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသော လယ်ယာမြေနိုင်ငံတော် ' ဟု အဓိပ္ပာယ်ရသည်။
No comments:
Post a Comment