မြန်မာ့ရှေးဟောင်းသုတေသန
မြန်မာနိုင်ငံသည် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် အတွက် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များအား ဖော်ထုတ်ထိန်းသိမ်းသုတေသနပြု လုပ်ငန်းကို အဓိက လုပ်ကိုင်ဆောင်ရွက်နေသော ရှေးဟောင်းသုတေသန ၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီး ဌာနသည် လည်း အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်လျှက်ရှိပါသည်။
ဘိုးတော်မင်း(ဗဒုံမင်း)လက်ထက်တွင် တွင်းသင်းတိုက်ဝန် မဟာစည်သူဦးထွန်းညိုမှ ဘုရင်၏အမိန့်ဖြင့် မင်းပိုင်မြေနှင့် သာသနာမြေ ခွဲခြားသတ်မှတ်ရန် အနယ်နယ် အရပ်ရပ် မှ ကျောက်စာများကို စုဆောင်းပြီး “တွင်းသင်းရာဇာဝင်သစ်” ကို ရေးသားပြုစု ခဲ့ခြင်း သည် ရှေးဟောင်း သုတေသန၏ လုပ်ငန်းအစပင် ဖြစ်ပါ သည်။
မြန်မာတို့ကို အင်္ဂလိပ်တို့က AD-1824 တွင် ပထမကျူးကျော်စစ် ၊ AD-1852 တွင် ဒုတိယကျူး
ကျော်စစ်ပြုခဲ့ကာ အောက်မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးနောက် အင်္ဂလိပ်တို့က မြန်မာတို့၏ ကမ္ပည်း
ကျောက်စာများကိုလေ့လာခဲ့ပါသည်။
AD-1881 ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကမ္ပည်းကျောက်စာရုံး(ကို ဖွင့်လှစ်ပြီး အိန္ဒိယရှေးဟောင်းသုတေ သန (ASI) ၏လက်အောက်တွင် ထားရှိခဲ့သည်။မြန်မာနိုင်ငံ ကမ္ပည်းကျောက်စာရုံးတွင် ကျောက်စာဝန်
အဖြစ် ရန်ကုန်တက္ကသိုလ်မှ ဂျာမန်လူမျိုး ပါဠိ ပါမောက္ခ မစ္စတာ အီဖောချမ်းမား ကိုခန့်အပ်ခဲ့ပါသည်။
AD- 1890 ပြည့်နှစ်တွင် မစ္စတာ အီဖောချမ်းမား ကွယ်လွန်ပြီးနောက် ကျောက်စာဝန်အသစ်ခန့်
အပ်နိုင်ခဲ့ခြင်းမရှိသဖြင့် ရှေးဟောင်းသုတေသနလုပ်ငန်းများကို (၉) နှစ်တိုင်တိုင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။1899 ခုနှစ်တွင် ရှေးဟောင်းသုတေသနလုပ်ငန်းအဖွဲ့ (Archaeology work in Burma)ကို တည်ထောင်ကာ တရုတ်လူမျိုးပညာရှင် မစ္စတာတော်စိန်ခိုအား ရှေးဟောင်းသုတေသန ညွှန်ကြားရေးဝန် အဖြစ် တာဝန်ပေးခန့်အပ်ခဲ့ ၄င်းသည် တရုတ်-မြန်မာ စာတော်ပြန်လုပ်ငန်းအတွက် တရုတ်နိုင်ငံသို့
ရောက်ရှိနေသဖြင့် ထိုတာဝန်ကို မြန်မာ-အင်္ဂလိပ် အဘိဓာန်ကျမ်းပြု ပညာရှင် ဦးထွန်းငြိမ်းကတာဝန် ယူ ဆောင်ရွက်ခဲ့သည်။
၁၉၀၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အစောဆုံး ပြတိုက်ဖြစ်သော ပုဂံပြတိုက်ဟောင်းကို တည်ထောင်
ဖွင့်လှစ်ခဲ့ပါသည်။၁၈၉၉ ခုနှစ်မှ ၁၉၁၉ခုနှစ် ကာလအတွင်းတွင် မန္တလေး မြနန်းစံကျော်ရွှေနန်းတော်ကြီး
ကို မှတ်တမ်းတင်ထိမ်းသိမ်းခြင်းနှင့် အခြားသော ရှေးဟောင်းသုတေသနဆိုင်ရာ လုပ်ငန်းများကိုဆောင်
ရွက်ခဲ့ပါသည်။
အေဒီ (၁၉၃၁-၃၅) တွင် မြန်မာလူမျိုးများထဲမှ ပထမဆုံးကျောက်စာဝန်အဖြစ် ဦးမြ က တာဝန်ယူ
ဆောင်ရွက်ခဲ့ပါသည်။မြန်မာနိုင်ငံတစ်ဝှမ်းရှိ စေတီပုထိုးများနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း
ပြုပြင်ခဲ့ပြီး ရှေးဟောင်းသုတေသနဆိုင်ရာ မြန်မာ ၊ အင်္ဂလိပ်စာအုပ်များကိုလည်း ရေးသားခဲ့ပါသည်။
အေဒီ ( ၁၉၃၆-၅၆)တွင် ကမ္ပည်းကျောက်စာဝန်အဖြစ် ဦးလူဖေ၀င်းဖြစ်လာပြီး ၄င်း၏ အကြံပေးပုဂ္ဂိုလ် Dr. N Ray နှင့်ပူပေါင်း၍ “မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန သမိုင်းဦးစီးဌာန ပြန်လည်
ဖွဲ့စည်းမှုနှင့် အနာဂတ်လုပ်ငန်းစဉ်” တို့ကိုလုပ်ဆောင်ခဲ့ပါသည်။၁၉၅၄ ခုနှစ်တွင် “ကမ္ပည်းကျောက်စာ ဌာန” ကို “ရှေးဟောင်းသုတေသန ဌာန” ဟု အမည်ပြောင်းလဲခဲ့ပြီး ကမ္ပည်းကျောက်စာဝန်ကိုလည်း ညွှန်
ကြားရေးဝန်အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။
အေဒီ ၁၉၅၇-၆၀ တွင် ညွှန်ကြားရေးဝန် ဦးဖိုးလတ် ကတာဝန်ယူခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် “ရှေးဟောင်းဝတ္ထုပစ္စည်းများ အက်ဥပဒေ”ကို ပြဌာန်းခဲ့ပါသည်။ရုံးကိုလည်း မန္တလေးမှ ရန်ကုန်သို့ ပြောင်း
ရွှေ့ဖွင့်လှစ်ခဲ့ပါသည်။
အေဒီ ၁၉၆၀- ၈၃ တွင် ညွှန်ကြားရေးဝန် ဦးအောင်သော် ဖြစ်လာပြီး ၁၉၆၂ ခုနှစ်တွင် “ ရှေး
ဟောင်း ၀တ္ထုပစ္စည်းများ အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ”ကိုပြဌာန်းခဲ့ပါသည်။ ၁၉၇၂ ခုနှစ်တွင် ရှေး
ဟောင်းသုတေသနဌာနကို “ ရှေးဟောင်းသုတေသနဦးစီးဌာန”ဟု အမည်ပြောင်းခဲ့ပြီး ညွှန်ကြားရေးဝန် ကိုလည်း “ညွှန်ကြားရေးမှူးချုပ်” အဖြစ်ပြောင်းလဲခဲ့ပါသည်။ညွှန်ကြားရေးမှူးချုပ် ဦးဥဂ္ဂါ လက်ထက် ၁၉၈၅-၈၇ တွင် ဖွဲ့စည်းပုံ အသစ်ကိုရေးဆွဲပြီး ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တင်ပြခဲ့ပါသည်။
၁၉၈၇ ခုနှစ်တွင် ရှေးဟောင်းသုတေသနဌာနကို ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်မှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်သို့ လွှဲပြောင်းပေးခဲ့ပြီး ၁၉၉၂ ခုနှစ် ၊ မတ်လတွင် ယဉ်ကျေးမှု ၀န်ကြီးဌာနလက်အောက်သို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်တာဝန်ကို မန္တလေးတက္ကသိုလ် သမိုင်းဌာနနှင့် နိုင်ငံတကာဆက်ဆံရေးဌာန မှ ပါမောက္ခ ဒေါက်တာ ခင်မောင်ညွှန့်က တွဲဖက်တာဝန်ယူခဲ့ပါသည်။၁၉၈၇ခုနှစ်တွင် မြန်မာနိုင်ငံသည် အီတလီနိုင်ငံ ရောမမြို့တွင် ရုံးစိုက်သော အပြည်ပြည်ဆိုင်ရာ ရှေးဟောင်းပစ္စည်းများ ထိန်းသိမ်းရေးဗဟိုဌာနကြီး၏ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပါသည်။
ထိုအချိန်မှစ၍ ၀န်ကြီးဌာနမှ ရှေးဟောင်းပစ္စည်းများ ၀ယ်ယူစုဆောင်းခြင်းလုပ်ငန်းများကို စတင်လုပ်
ဆောင်ခဲ့ပါသည်။
၁၉၈၉ခုနှစ်နောက်ပိုင်းတွင် အမျိုးသားမော်ကွန်းတိုက်ညွှန်ကြားရေးမှူးချုပ် ဦးသန်းမောင်မှ ညွှန်ကြားရေးမှူးချုပ် တာဝန်ကို ယူခဲ့ပြီး ရှေးဟောင်းမြို့တော်များကိုတူးဖော်ထိန်းသိမ်းခဲ့ပါသည်။
၁၉၉၀ ခုနှစ်နောက်ပိုင်း ညွှန်ကြားရေးမှူးချုပ်တာဝန်ထမ်းဆောင်ခဲ့သူများမှာ- ၁၉၉၀-၉၂ တွင် ဗိုလ်မှူးကြီးသန်းမောင် ၊ ၁၉၉၂-၉၄ တွင် ဦးသော်တာစိန် ၊ ၁၉၉၄-၉၇ တွင် ဒေါက်တာရဲထွဋ် ၊ ၁၉၉၇-၂၀၀၅ တွင် ဦးညွန့်ဟန်၊ ၂၀၀၅-၂၀၀၆ တွင် ဦးကျော်ဝင်း နှင့် ၂၀၀၆- ၂၀၁၀တွင် ဦးစန်းဝင်းတို့ဖြစ်ပြီး ၂၀၁၀ခုနှစ် ၊ ဧပြီလမှ ယခုအချိန်ထိ ညွန်ကြားရေးမှူးချုပ်မှာဦးကျော်ဦးလွင်
ဖြစ်ပါသည်။၁၉၉၁ခုနှစ်မှစ၍ မြန်မာ့ကြေးခေတ်အဆက်ဆက်ကို သုတေသနပြုဖော်ထုတ်ခဲပါသည်။ ၁၉၉၃ခုနှစ်တွင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းရေး ကော်မတီကိုဖွဲ့စည်း ခဲ့ပါသည်။ ၁၉၉၈ ခုနှစ်တွင် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ ကိုပြဌာန်းခဲပါသည်။၂၀၀၅ခုနှစ်တွင် ဘွဲ့လွန်အသုံးချ ဒီပလိုမာ ရှေးဟောင်းသုတေသနနည်းပညာသင်တန်း
ကျောင်းကို ပြည်မြို့တွင်ဖွင့်လှစ်ခဲ့ပါသည်။၉.၂.၂၀၀၇ ခုနှစ်တွင် ရှေးဟောင်းသုတေသနဦးစီးဌာနနှင့် ယဉ်ကျေးမှုဗိမာန် ဦးစီးဌာနတို့ နှစ်ခုပေါင်းကာ ရှေးဟောင်းသုတေသန ၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန အဖြစ် လုပ်ငန်းတာဝန်များကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။၂၀၀၉ ခုနှစ်တွင် ယဉ်ကျေးမှုအမွေအနှစ်များကာကွယ်ထိန်းသိမ်းရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြဌာန်းခဲ့ပါသည်။ရှေးဟောင်း
သုတေသနအမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံရှိ ယဉ်ကျေးမှု အမွေအနှစ် များအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ရေး အတွက် ပြည်တွင်းရှေးဟောင်း သုတေသန ပညာရှင်များ ၊ ဌာနဆိုင်ရာများ နှင့် UNESCO အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျှက်ရှိ ပါသည်။ ထို့အပြင် ရှေးဟောင်းသုတေသန ၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန အနေဖြင့် ရန်ကုန်တွင် အမျိုးသားပြတိုက် (ရန်ကုန်) နှင့် အမျိုးစာကြည့်တိုက် (ရန်ကုန်) တို့ကို ဖွင့်လှစ်ပြသထား သကဲ့သို့ နေပြည်တော်တွင်လည်း အမျိုးသားပြတိုက် (နေပြည်တော်) နှင့် အမျိုးစာကြည့်တိုက် (နေပြည်တော်) တို့ကိုမကြာမီတွင် ဖွင့်လှစ်ပြသသွားမည်ဖြစ်ပါ သည်။
ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးမှာ မြန်မာနိုင်ငံအတွင်း မှီတင်းနေ ထိုင်သော ပြည်သူပြည်သားအားလုံးတွင်လည်းတာဝန်ရှိပါသည်။ထို့ကြောင့် မိမိနိုင်ငံ၏ ယဉ်ကျေးမှု ၊ အမွေအနှစ်များ နှင့် သမိုင်းကြောင်းတို့ကို သိရှိရန်မှာလည်း အထူးအရေးကြီးလှပါသည်။ ထိုသို့လေ့လာနိုင်ရန်အတွက် စိတ်ပါဝင်စားသူများအတွက် ရှေးဟောင်းသုတေသန ဆိုင်ရာပြတိုက်များ ၊ Site Museum များ ၊ အမျိုးသားပြတိုက် နှင့် အမျိုးသားစာကြည့်တိုက်များကို ရှေးဟောင်သုတေသန ၊ အမျိုးသားပြတိုက်နှင့်စာကြည့်တိုက်ဦးစီးဌာနမှ ဖွင့်လှစ်ပြသထားလျှက်ရှိကြောင်းကို အသိပေးအပ်ပါသည်။
No comments:
Post a Comment