(ရန်ကုန်၊ မေ ၃)
ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး ရန်ပုံငွေ အဖွဲ့(GHF)မှ ရခိုင်ပြည်နယ် မြောက်ဦးမြို့အား အာရှတိုက်၏ ရှားပါး သမိုင်းဝင် ယဉ်ကျေးမှုဒေသ တစ်ခု အဖြစ် သတ်မှတ်ကာ ထိန်းသိမ်း စောင့်ရှောက်ရေး အကူအညီများ ပေးအပ်သွားမည် ဖြစ်ကြောင်း GHF အဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။
ကမ္ဘာယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး ရန်ပုံငွေ အဖွဲ့ (Global Heritage Fund) အဖွဲ့အနေဖြင့် အာရှတိုက်မှ ထိန်းသိမ်းစောင့်ရှောက် ရမည့် ရှားပါး ရှေးဟောင်း သမိုင်းဝင် ယဉ်ကျေးမှု ဒေသ ဆယ်ခုအား မေလ ၃ ရက် နေ့က ထုတ်ပြန်ကြေညာခဲ့ရာ ထိုင်း နိုင်ငံမှ အယုဒ္ဓယမြို့တော်၊ ပါကစ္စ တန်နိုင်ငံမှ တက္က သီလာမြို့ အပါ အဝင် မြန်မာနိုင်ငံ၏ မြောက်ဦးမြို့ အား ရှေးဟောင်း ယဉ်ကျေးမှု ဒေသ တစ်ခု အဖြစ် ထည့်သွင်း သတ်မှတ် ခဲ့ခြင်း ဖြစ်သည်။ GHFအဖွဲ့မှ အမှုဆောင်ဒါ ရိုက်တာ Jeff Morgan က ”ကမ္ဘာ တစ်လွှားမှာ နေထိုင်သူတွေ အနေနဲ့ ယဉ်ကျေးမှု ဒေသတွေမှာ ယဉ်ကျေးမှု ပျက်စီးစေနိုင််တဲ့ အခြေအနေတွေ ကို ရင်ဆိုင် ကြုံတွေ့နေ ရတယ် ဆို တာနဲ့ ဘယ်လို ကာကွယ်ရမလဲ၊ ဘယ်လို ထိန်းသိမ်း စောင့်ရှောက်သွား မလဲ ဆိုတာကို သိစေချင်တဲ့ အတွက် အာရှဒေသမှာ ထိန်းသိမ်းစောင့် ရှောက်ရမယ့် ရှေးဟောင်း ယဉ်ကျေး မှုဒေသ ၁ဝ ခုကို သတ်မှတ်ဖော် ထုတ်ရခြင်း ဖြစ်တယ်” ဟု ပြောသည်။
ထိုသို့ ရှားပါးရှေးဟောင်း သမိုင်းဝင် ဒေသအဖြစ် သတ်မှတ်လိုက် ခြင်းကြောင့် အဆိုပါ ဒေသများသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားလာသူ တိုးတက် များပြားလာနိုင် သည့်အပြင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အတူ ဒေသခံများ၏ အလုပ်အကိုင် အခွင့် အလမ်းများ ပိုမို ရရှိ လာစေနိုင်မည်ဟု ၄င်းကဆိုသည်။
ရှေးဟောင်း သုတေသနနှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာန အဆင့်မြင့် အရာရှိတစ်ဦးက မြောက် ဦးမြို့၏ ရှေးဟောင်း ယဉ်ကျေးမှု ဆိုင်ရာ အဆောက်အအုံ များအား ယဉ်ကျေးမှု ဝန်ကြီးဌာန လက်အောက်ရှိ ၄င်းတို့ဌာနမှသာ တာဝန်ယူထိန်း သိမ်းစောင့်ရှောက် ပြုပြင်လျက် ရှိကြောင်း၊ မည်သည့် အဖွဲ့အစည်း ကိုမျှ ထိန်း သိမ်းစောင့်ရှောက်ခွင့် ပြု မည် မဟုတ်ကြောင်း ပြောသည်။
”မြောက်ဦးမြို့ကို အာရှတိုက်ရဲ့ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ ဒေသတစ်ခု အဖြစ် သတ်မှတ်လိုက် တဲ့အတွက် ပြည်ပ ဧည့်တွေ ပိုဝင် လာနိုင်တယ်။ လောလောဆယ် ကတော့ မြောက်ဦး ကိုလာတဲ့ ပြည်ပ ဧည့်တွေက ဥရောပသား တွေပဲများပြီး လာရင်လည်း လူ နည်းစုလောက်ပဲ။ ဘာကြောင့် လဲ ဆိုတော့ မြောက်ဦးကို သူတို့ အနေနဲ့ လာချင်ပေမယ့် ခရီးရှည် တဲ့အပြင် သွားလာရေး ခက်ခဲတာ ကြောင့် ပုဂံတို့၊ မန္တလေးတို့ကိုပဲ သွားနေကြတာ။ အခုခရီးသွား လုပ်ငန်းကလည်း ကောင်းလာ တာနဲ့အတူ ယဉ်ကျေးမှု ဒေသ တစ်ခု အဖြစ်ပါ သတ်မှတ်ခံရတော့ ပြည်ပ ဧည့်တွေ မြောက်ဦးကို ပိုလာ နိုင်မယ်ထင်တယ်”ဟု ဧည့်လမ်း ညွှန် တစ်ဦးကပြောသည်။
No comments:
Post a Comment