Friday, May 11, 2012

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အတွင်း ယဉ်ကျေးမှု အမွေအနှစ် ဒေသ ၅ ခုအား စတင် သတ်မှတ် ပြဋ္ဌာန်း


Friday 11th May 2012 ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်အတွင်း ယဉ်ကျေးမှု အမွေအနှစ် ဒေသ ၅ ခုကို ရှေးဟောင်း နေရာ တည်ရှိရာ ဇုန်နဲ့ ကာကွယ် ထိန်းသိမ်း ထားသော ဇုန်များ အဖြစ်သတ်မှတ် လိုက်ကြောင်း သက်ဆိုင်ရာ ဌာနရဲ့ ထုတ်ပြန် ချက် အရ သိရပါတယ်။ အခုလို သတ်မှတ် လိုက်ရာမှာ ရှေးဟောင်း နေရာ တည်ရှိရာ ဇုန် AZ အဖြစ် သတ်မှတ်ရာ တိုင်းဒေသကြီး ကတော့ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ် တို့ဖြစ်ပါတယ်။

ကာကွယ် ထိန်းသိမ်း ထားသော ဇုန် PZ အဖြစ် သတ်မှတ် လိုက်တဲ့ နေရာတွေ ကတော့ မြောင်းမြ မြို့နယ်၊ မြောင်းမြ မြို့ဟောင်း၊ လောင်းလုံ မြို့နယ် မြို့ဟောင်း ကျေးရွာ အုပ်စု၊ သာဂရ မြို့ဟောင်း၊ မြောက်ဦး မြို့နယ် ဝေသာလီ ကျေးရွာနဲ့ သလ္လာဝတီ ကျေးရွာ ဝေသာလီ မြို့ဟောင်း၊ ကျောက်တော် မြို့နယ်၊ မဟာမုနိ ကျေးရွာ၊ ဓညဝတီ မြို့ဟောင်းနဲ့ ချောင်းဦး မြို့နယ် အတွင်းရှိ အမြင့်ရွာ ဒေသနှင့် သုံးပန်လှ အနိမ့် ရွာဒေသတို့ပဲ ဖြစ်ပါတယ်။

သတ်မှတ် ပြဋ္ဌာန်း ထားတဲ့ ဇုန်များ အတွင်း အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် များကို ထိခိုက် ပျက်စီး စေမည့် ဆောင်ရွက်မှုများ ဖြစ်တဲ့ လူနေအိမ်ခြေ အပါအဝင် အဆောက်အအုံ သစ်များ ဆောက် လုပ်ခြင်း၊ ဆည်မြောင်း ကန်များ တူးဖော်ခြင်း၊ ဓာတ်တိုင်များ စိုက်ထူခြင်း၊ တာဝါတိုင် များစိုက်ခြင်း၊ လယ် ယာမြေ များ ချဲ့ထွင်ပြီး ထွန်ယက် စိုက်ပျိုးခြင်း၊ ဥယျာဉ်ခြံမြေများ စိုက်ပျိုးခြင်း၊ ခြံစည်းရိုးများ ကာရံခြင်း၊ စက်ရုံ အလုပ်ရုံများ၊ ဟိုတယ်များ တည်ဆောက်ခြင်း၊ မြို့ရွာများ တိုးချဲ့ခြင်း၊ မြေကွက်များ ဖော်ထုတ် နေရာချခြင်း၊ ဓာတ်သတ္တု ပစ္စည်းများ တူးဖော်ခြင်း စသည့် ရှေး ဟောင်း နေ ရာ၊ ဒေသ၏ အသွင်အပြင် ပျက်စီး စေမည့် ဆောင်ရွက်မှုမျိုး မပြုလုပ်ရန် ၁၉၉၈ ခုနှစ် ယဉ်ကျေးမှု အမွေအနှစ် ဒေသများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေအရ တားမြစ် ကန့်သတ် ထား ပါတယ်။

အဆိုပါ ဒေသများ အတွင်း နေထိုင်သော ဒေသခံများ၊ ဌာနဆိုင်ရာများ အနေနဲ့ ယဉ်ကျေးမှု အမွေ အနှစ် ဒေသ အတွင်း အထက်ပါ ကိစ္စ တစ်ခုခုကို ပြုလုပ်လိုပါက ယဉ်ကျေးမှု ဝန်ကြီး ဌာန၊ ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနသို့ ကြိုတင် တင်ပြ ညှိနှိုင်းပြီး ခွင့်ပြုချက် အရသာ ဆောင်ရွက် ရမည်ဖြစ်ပြီး ခွင့်ပြုချက် မရှိဘဲ ဆောင်ရွက်ပါက တရား ဥပဒေနှင့် အညီ အရေးယူ ခံရမည်ဟု ယဉ်ကျေးမှု ဝန်ကြီး ဌာနက သတင်း ထုတ်ပြန်ထားကြောင်း သိရှိရပါတယ်။

No comments:

Post a Comment